Bundesliga,  ဘောလုံးသတင်း

ကိန်းအတွက် စပါးစ်တောင်းဆိုတဲ့ စာချုပ်ပါအထူးအချက်ကို သဘောတူပေးခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ဟာရီ ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အောက်မှာပဲ ရှိနေစေဖို့အတွက် စာချုပ်ချုပ်ဆိုရာမှာ အထူးအချက်တစ်ချက်ထည့်သွင်းချုပ်ဆိုဖို့ သဘောတူညီခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါးကနေ ဟာရီ ကိန်းကို ဘိုင်ယန်မြူးနစ်က ကနဦးပြောင်းရွှေ့ကြေး ယူရို ၉၈ သန်းကနေ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်မယ်ဆိုရင် ယူရို ၁၁၄ သန်းအထိ မြင့်တက်သွားနိုင်တဲ့ သဘောတူညီမှုနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ဂျာမနီကို ရောက်ရောက်ချင်းပဲ သွင်းဂိုးတွေ တရစပ်သွင်းယူနေပြီး ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိ သွင်းယူထားခဲ့ရာမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၇ ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ၎င်းရဲ့ စာချုပ်ထဲက အထူးအချက်တစ်ချက်ကို အသက်သွင်းဖို့အတွက် သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ၁၃ ဂိုးသာ လိုတော့တာဖြစ်ပြီး ဟိုင်ဒန်ဟိမ်းကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်အပြီးကတည်းက ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာရီ ကိန်းရဲ့ စာချုပ်သတင်းအချက်အလက်အချို့က ပေါက်ကြားလာခဲ့တာဖြစ်ပြီး သဘောတူညီမှုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဂျာမန်ထိပ်သီးအသင်းကြီးဟာ စပါးစ်နဲ့ ခြေစမ်းပွဲ ၂ ပွဲကစားပေးရမယ်လို့ သိရပါတယ်။

အဲဒီပွဲစဥ် ၂ ပွဲကစားရာကနေ ရရှိလာမယ့် ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ခ စတဲ့ ဝင်ငွေအားလုံးဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ရရှိမှာဖြစ်တယ်လို့ ဂျာမန်သတင်းထောက် မက်ဆီမီလီယန် ကော့ချ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမန်သတင်းထောက်က ဘိုင်ယန်မြူးနစ်ဟာ ဟာရီ ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ မကျော်စေဖို့အတွက် ဒီအချက်ကို သဘောတူညီခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဲဒီခြေစမ်းပွဲ ၂ ပွဲက ဘယ်အချိန်၊ ဘယ်နေရာမှာ ကစားမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS