Laliga,  ဘောလုံးသတင်း

ကျော်သလောက်တော်တဲ့ ဂျီရိုနာရဲ့ ဆီမီယွန်နီကို နှိပ်ကွပ်ခဲ့တဲ့ နိုင်ပွဲ

စပိန်လာလီဂါမှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တဲ့ ဘာစီလိုနာမြို့ခံကလပ် ဂျီရိုနာကတော့ သူတို့တွေအနေနဲ့ ဇယားထိပ်က ပြေးနေတာဟာ အလကားနေရင်း ကြက်ကန်း ဆန်အိုးတိုးတာ မဟုတ်ကြောင်းကို ဆက်လက်ပြသခဲ့ပြီး အိမ်ကွင်းမှာ ပြိုင်ဘက် အသင်းကြီး အက်သလက်တီကို မက်ဒရစ်ကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ထပ်မံပြသသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို အမီလိုက်ဖို့ လိုနေတာကြောင့် ဂျီရိုနာနည်းပြ မီခယ်လ်အနေနဲ့ ဒီနေ့ပွဲမှာ ကစားနေကျ ၃-၄-၃ အစား ၄-၅-၁ ပြောင်းကစားခဲ့ပြီး တစ်ဖက်က ခံစစ်သုံးယောက်တန်းကစားတဲ့ ဆီမီယွန်နီရဲ့ တီကိုတို့ကို Overload လုပ်ဖို့ ပြင်ဆင်လာခဲ့သလို ဒါက ဧည့်သည်တွေကို ကောင်းကောင်း အငိုက်ဖမ်းသွားနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာကတည်းက ဗယ်လာရီ ဖာနန်ဒက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၁၆ မိနစ်မှာတော့ ဘလင်းဒ်နဲ့ အဲရစ် ဂါစီယာတို့ရဲ့ ဂျပိန်ဂျပုခံစစ်ကို မိုရာတာက ဘော်ဒီအားကိုးနဲ့ တိုးဝင်ပြီး ချေပဂိုးသွင်းခဲ့သလို တစ်ပွဲလုံးမှာလည်း ဒီစပိန်လက်ရွေးစင်တိုက်စစ်မှူးကို ဂျီရိုနာတို့ရဲ့ အရပ် ငါးပေ ဆယ်လက်မစီသာရှိတဲ့ ဗဟိုခံစစ်သမားနှစ်ယောက် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ အိတ်ပေါက်နဲ့ ဖားကောက်နေခဲ့ရပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ဆာဗီယိုက ဧရိယာထိပ်ကနေ ကန်သွင်းပြီး ဂျီရိုနာတို့ကို ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်စေခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ ဘယ်ထောင့်ကန်ဘောကနေ ဒေါ့ဗစ်ခ် နောက်ပေါက်နဲ့ ချပေးတာကို အဝေးတိုင်ဘက်ကနေ ပြေးဝင်လာတဲ့ ဘလင်းဒ်က ပိတ်သွင်းပြီး တတိယဂိုး ရရှိခဲ့ပေမယ့် ပွဲချိန် ၄၄ မိနစ်မှာတော့ လူမကျွံတကျွံ အနေအထားကနေပဲ မိုရာတာက တစ်ဂိုးပြန်ချေခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ တီကိုတို့က ပွဲချိန် ၅၄ မိနစ်မှာ တတိယ ချေပဂိုး သွင်းခဲ့ကြပြီး ဒီဂိုးကိုလည်း မိုရာတာကပဲ ဟက်ထရစ်အဖြစ် သွင်းပေးခဲ့ချိန်မှာ သုံးဂိုးစီသရေကျနေခဲ့လို့ အရန်ခုံမှာ လူကောင်းများများ မရှိတော့တဲ့ ဂျီရိုနာ နည်းပြ မီခယ်လ် တိုင်ပတ်ခဲ့ရတာပါ။

ဒါပေမယ့် ပွဲပြီးခါနီးမှာ ဆီမီယွန်နီအနေနဲ့ အမှားကျူးလွန်ခဲ့ပြီး အိမ်ရှင်နောက်တန်းကို ဖိအားပေးနေတဲ့ ဂရစ်ဇ်မန်းနဲ့ မိုရာတာတို့ကို အတွဲလိုက် လဲထုတ်ပစ်ခဲ့ရာမှာတော့ ဂျီရိုနာတို့ နာကျင်အချိန်ပိုအစမှာ စတုတ္ထအနိုင်ဂိုး သွင်းယူသွားခဲ့ပြီး အရန်ခုံက ထလို့ တစ်မိနစ်သာ ရှိသေးတဲ့ ပေါ်တူက ဘယ်ခြမ်းကနေ ပေးတာကို ကွင်းလယ်လူ အီဗန် မာတင်က မထင်မှတ်ဘဲ ဧရိယာထဲကနေ ဘယ်ခြေနဲ့ ကလော်ထည့်လိုက်ရာမှာ အော့ဘ်လက်ခ် အငိုက်မိခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂျီရိုနာတို့က တတိယနေရာက အက်သလက်တီကို မက်ဒရစ်တို့ကို နောက်ကျဂိုးနဲ့ အလဲထိုးသွားခဲ့ပြီး လေးဂိုး-သုံးဂိုး ရလဒ်ကြောင့် ဇယားထိပ်က ဦးဆောင်သူ ရီးရဲလ်မက်ဒရစ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ ဒုတိယနေရာက ဆက်လက်ဖိအားပေးနိုင်ခဲ့သလို ဘာစီလိုနာမြို့မှာ ဗိုလ်လုပ်နေတာ ဟိုဒိုင်ကူအသင်း မဟုတ်ဘူးလို့ လှောင်ပြောင်စရာတွေကိုပါ ပေးစွမ်းနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS