Premier League,  ဘောလုံးသတင်း

ဘူနေတဲ့ ပရိသတ်တွေကို ပဲလှော်ငါးလုံးကျွေးပြီး နှစ်သိမ့်ပေးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီနဲ့ ရစ်ချတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လားမား၊ ဟယူးချ်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အီဇီ၊ ရှလု(ပ်)နဲ့ မာတက်တာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ဟာဗတ်ဇ်နဲ့ ထရော့ဆတ်တို့ကို ကွင်းလယ်နဲ့ ဘယ်တောင်ပံမှာ Interchange ကစားခိုင်းထားခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ကစားပုံနဲ့ တိုက်စစ်ဆင်ပုံတွေက အားရစရာ မရှိခဲ့သလို တွဲလုံးတွေနဲ့ ပုံဖော်မှုတွေကလည်း ညံ့နေခဲ့ပြီး ညာခြမ်းက ဘန်ဝှိုက်ကလည်း တောင်ပံကနေ အလွတ်တွေ ဖြတ်တင်ခွင့် ရနေတာကိုတောင်မှ ဝတ်ကျေတန်းကျေ ပေးနေခဲ့လို့ အလဟဿဖြစ်နေခဲ့ပါတယ်။

လူမစွမ်း နတ်မတဲ့ အာဆင်နယ်တို့အနေနဲ့ ပွဲချိန် ၁၁ မိနစ်မှာတော့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ထရော့ဆတ်ကြောင့် ရရှိခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို ရိုက်စ်က ဂိုးရှေ့ကို ဖြတ်ပို့ပေးရာမှာ ပဲလေ့စ်နောက်ခံလူတွေကြားထဲကနေ အခုန်ဦးခဲ့တဲ့ ဂါဘရီယယ်လ်က ခပ်ပြင်းပြင်း ခေါင်းတိုက်ချက်နဲ့ ရယူသွားခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် ခံစစ်မှာ အမြဲတမ်း ရှစ်ယောက် ရှစ်ယောက်လုပ်နေတဲ့ ပဲလေ့စ်တို့ကို ထိုးဖောက်ဖို့ ခက်နေခဲ့သလို အော်ဒီဂွါဒ်၊ ဆာကာတို့ရဲ့ ဖန်တီးမှုတွေနဲ့ ဂျေဆူးစ်၊ ထရော့ဆတ်တို့ရဲ့ တိုးဝင်မှုတွေကြားမှာ နားလည်မှု နည်းလွန်းနေခဲ့ချိန်မှာ ဧည့်သည်တွေ တိုက်စစ်က အဖြစ်မရှိခဲ့လို့သာ သက်သာနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဆာကာက ကန်တင်ပေးရာမှာ ပါးပါးနပ်နပ် ပြေးထွက်နိုင်ခဲ့တဲ့ ဂါဘရီယယ်လ်ကပဲ ခေါင်းတိုက်သွင်းခွင့်ရရှိခဲ့ရမှာ ဘန်ဝှိုက် ကာထားခဲ့လို့ လှုပ်မရခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်ရဲ့ ခေါင်းကို မှန်ပြီး ဝင်သွားခဲ့တာကြောင့် ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ပဲလေ့စ်တို့ကို တိုက်စစ် Build-up နဲ့ ဂိုးသွင်းဖို့ ခက်နေခဲ့ပြီး အဘိုးကြီး ရွိုင်းဟော့ဆန်ရဲ့ ဖင်ပိတ်ကစားတဲ့ Technique ကို မကျော်နိုင်ဘဲဖြစ်နေခဲ့တာကြောင့် ကွင်းလယ်ကို တစ်ကိုယ်တော်စွမ်းရည်နဲ့ လိုက်တွဲပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အီဇီရဲ့ ဖိအားပေးမှုတချို့ကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပဲလေ့စ်တို့ရဲ့ ဖြတ်တင်မှုကို အမိဖမ်းနိုင်ခဲ့တဲ့ ဂိုးသမား ရာယာက ကောင်တာ စတင်ဖို့ ညာတောင်ပံကို အလျင်အမြန် ပစ်ပေးခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ ထရော့ဆတ်က တိကျတဲ့ ထိန်းသိမ်းမှုနဲ့ တစ်ဖက်နောက်ခံလူ ကလိုင်းန်ကို ချော်လဲစေပြီးမှ အပိုင်ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသမား ဟန်ဒါဆန် လက်မှိုင်ချခဲ့ရတာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ထရော့ဆတ်၊ ရိုက်စ်၊ ဟာဗတ်ဇ်၊ ဂျေဆူးစ်နဲ့ ဂါဘရီယယ်လ်တို့အစား မာတီနယ်လီ၊ စမစ်ရိုး၊ ဂျော်ဂျင်ညို၊ နကီးတီးယားနဲ့ ကီဗီယာတို့ကို လဲကစားခဲ့ကြပြီး ပဲလေ့စ်တို့ကတော့ ဟယူးချ်၊ ရှလု(ပ်)၊ ကလိုင်းန်နဲ့ ဂေးဟီတို့အစား အိုဇိုး၊ ဖရန်ကာ၊ အာဟာမာဒါနဲ့ ထွန်းခင်တို့ကို ထည့်ကစားခဲ့တာဖြစ်ပါတယ်။

လူစားဝင်သူတွေထဲက စမစ်ရိုးရဲ့ ပေးပို့မှုတွေ တစ်ချက်တစ်လေ ကောင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို ဘယ်တောင်ပံက ဆူပါမန်း လုပ်ချင်နေတဲ့ မာတီနယ်လီနဲ့ ဘောလုံးဆွဲပြေးတိုင်း အလုခံရတဲ့ နကီးတီးယားတို့ကလည်း ဆဲစရာဖြစ်နေခဲ့ရပြီး အာဆင်နယ်တို့အနေနဲ့ ပွဲပြီးခါနီးမှာ ကွင်းလယ်မှာပဲ ထိန်းကစားဖို့ ကြိုးစားနေခဲ့ချိန်မှာ ပဲလေ့စ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကတော့ သူတို့ခံစစ်ကြောင်းကို ဟပေးသလိုဖြစ်လာခဲ့တာပါ။

နာကျင်အချိန်ပို ၄ မိနစ်မှာ အာဆင်နယ်တို့ စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူငယ်ဘဝအသင်းဟောင်းကို ကွင်းလယ်မှာ လိမ်ခေါက်ဖို့ ကြိုးစားခဲ့တဲ့ အီဇီဆီကနေ ဆာကာက လုယူပြီး တိုက်စစ်ကို ခင်းပေးရာမှာ နကီးတီးယားက ဘယ်တောင်ပံကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့ ပေးပို့နိုင်ခဲ့တဲ့ ဘောလုံးကို အစောပိုင်းက အဆဲတောင်းနေခဲ့တဲ့ မာတီနယ်လီက အွန်နရီစတိုင် ကန်ချက်နဲ့ အဝေးတိုင်ဘက်ကို အသာအယာ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် တစ်မိနစ်အကြာမှာတော့ အာဆင်နယ်တို့ ပဉ္စမဂိုး ထပ်မံရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ ပြန်ရခဲ့တဲ့ ဂျော်ဂျင်ညိုက ပဲလေ့စ်ခံစစ်ပေါ်ကနေ ဘယ်တောင်ပံကို ကျော်တင်ပေးလိုက်ရာမှာ မာတီနယ်လီက တစ်ယောက်တည်း လွတ်ထွက်သွားခဲ့ရာမှာ ဧရိယာထဲကို ချိုးဝင်ပြီးမှ သူ့ရဲ့ ပထမဂိုးနဲ့ ခပ်ဆင်ဆင်ပဲ အဝေးတိုင်ဘက်ကို အနိမ့်ဘောကန်သွင်းယူခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ခရစ္စတယ်လ်ပဲလေ့စ်တို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၃ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြသလို ရှေ့က ရှုံးပွဲတွေကြောင့် ဒေါသနဲ့ စိတ်ပျက်မှုရောပြီး ဘူနေခဲ့တဲ့ ပရိသတ်တွေကို အတိုင်းအတာတစ်ခုအထိ နှစ်သိမ့်ပေးနိုင်ခဲ့ကြချိန်မှာ တိုက်စစ်ပိုင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် အထောင်တစ်ဦးကို လိုအပ်နေဆဲဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS