Premier League,  ဘောလုံးသတင်း

VAR ငြင်းပယ်မှု ကိုယ်စီခံခဲ့ရပြီး နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ကစားပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်

တနင်္ဂနွေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ ကလော့ပ်ရဲ့အသင်းက ဗန်ဒိုက်ရဲ့ အချိန်ပို ခေါင်းတိုက်သွင်းဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပထမပိုင်းစစချင်းပဲ လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဒီယက်ဇ် ဂိုးသွင်းဖို့ ကြိုးပမ်းမှုကို ချဲလ်ဆီးဂိုးသမား ပက်ထရိုဗစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

၂၁ မိနစ်မှာ ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေတဆင့် အပိုင်ဂိုးသွင်းခွင့် ရရှိခဲ့ပြီး စတားလင်း ကန်သွင်းဖို့ လုပ်နေတဲ့ ဘောလုံးကို ဘရက်ဒ်လေ ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ကိုး ပါလ်မာဆီ ရောက်သွားခဲ့ပြီး အပိုင်ပိတ်သွင်းခဲ့ပေမယ့် လီဗာပူးလ်ဂိုးသမား ကယ်လီဟာက အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။

၃၂ မိနစ်မှာ ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေပဲ နီကိုးလတ်စ် ဂျက်ဆင် ဘောလုံး ရရှိသွားခဲ့ပြီးနောက် ဘယ်တောင်ပံက ပြေးလိုက်လာတဲ့ စတားလင်းကို ကန့်လန့်ဖြတ် ပေးပို့ခဲ့ရာမှာ အင်္ဂလန်ကြယ်ပွင့်က အဆုံးသတ်နိုင်ခဲ့ပေမယ့် VAR က အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် နီကိုးလတ်စ် ဂျက်ဆင် တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဂက်ခ်ပိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်မယ့် အပိုင်အခွင့်အရေး ရရှိခဲ့ပြီး ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်အောက်ခြေကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းပဲ လီဗာပူးလ်တို့ကပဲ တရစပ် တိုက်စစ်ဆင်ခဲ့ပြီး အချိန်မရွေး ဂိုးသွင်းယူသွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ ကွင်းလယ်နဲ့ တိုက်စစ်ကို ကောင်းကောင်း ချိတ်ဆက်နိုင်ခဲ့ခြင်းမရှိဘဲ ထိရောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

၅၂ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်က ပင်နယ်တီဧရိယာထဲမှာ ရွှေရောင်အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဂိုးကန်သွင်းဖို့ ပိုမိုကောင်းမွန်တဲ့ နေရာမှာ ရှိနေတဲ့ အသင်းဖော်ဆီ ပေးပို့ရမယ့်အစား နောက်ပြန် ဖနောင့်ပေါက်သွင်းယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ ကယ်လီဟာက အလွယ်တကူပဲ ဖမ်းယူသွားခဲ့တာဖြစ်ပါတယ်။

မိနစ် ၆၀ မှာ လီဗာပူးလ်တို့ အလွတ်တည်ကန်ဘောကန်ခွင့်ရခဲ့ရာကနေ ရောဘတ်ဆန် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဗန်ဒိုက်က ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့ပါတယ်။

ရောဘတ်ဆန် ဖြတ်တင်ပေးပို့မှု ပြုလုပ်ချိန်မှာ ဂက်ခ်ပိုက သိသိသာသာ လူကျွံနေခဲ့တယ်ဆိုပြီး ဗန်ဒိုက်ရဲ့ သွင်းဂိုး VAR က ပယ်ဖျက်ခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့သာ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

၆၉ မိနစ်မှာ ချဲလ်ဆီးတို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး ဂယ်လေဂါဖြတ်တင်လိုက်တဲ့ ဘောလုံးကို ကိုဝီလ် ခေါင်းတိုက်ခဲ့ရာကနေ အသင့်စောင့်ဆိုင်းနေတဲ့ ဒီဆာဆီ ပိတ်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ပေါင်ခြံနဲ့ ထိပြီး ကယ်လီဟာလက်ထဲကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

၇၅ မိနစ်မှာ ကိုး ပါလ်မာ ညာတောင်ပံကနေ ထိုးဖောက်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဂယ်လေဂါ ညာခြေနဲ့ အလိုက်သင့် လမ်းကြောင်းပြောင်းပေးခဲ့ပေမယ့် ဂိုးဘယ်ဖက်တိုင်ကို ထိမှန်သွားခဲ့ပြန်လို့ ချဲလ်ဆီးတို့ ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ချဲလ်ဆီးတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ကိုးပါလ်မာရဲ့ ညာတောင်ပံကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂယ်လေဂါ ပိတ်သွင်းယူဖို့ တွန့်ဆုတ်နေခဲ့တာကြောင့် အရှေ့တက်လာတဲ့ ကယ်လီဟာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နောက်ထပ် ၁ မိနစ်အကြာမှာ ဂယ်လေဂါကပဲ နောက်ထပ်တစ်ကြိမ် ပင်နယ်တီဧရိယာထိပ်ကနေ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ဆင် ပြန်ခင်းပေးလိုက်တဲ့ဘောလုံးကို ကန်သွင်းမှုက ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြန်တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ တရစပ်ဖိအားပေးတိုက်စစ်ဆင်နေတဲ့ ချဲလ်ဆီးတို့က ညာတောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီးနောက် ကိုးပါလ်မာရဲ့ ကန်ချက်ကို လီဗာပူးလ်နောက်ခံလူတွေ ပိတ်ဆို့ခဲ့ရာနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်ကွန်ကူ ပိတ်သွင်းခဲ့ပေမယ့်လည်း ကယ်လီဟာလက်ထဲကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီးလေ ပွဲက ပိုမို ပြင်းထန်လေ ဖြစ်လာခဲ့ပေမယ့်လည်း သာမန်ပွဲကစားချိန်ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပို ပထမပိုင်းမှာ ဂျေဒန် ဒန်းစ်ရဲ့ ခေါင်းတိုက်ချက်ကို ပက်ထရိုဗစ် သတိရှိရှိနဲ့ ကာကွယ်နိုင်ခဲ့လို့သာ ချဲလ်ဆီးတို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာ လီဗာပူးလ်ကပဲ တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး အဲလီးယော့တ်ရဲ့ အပိုင်ခေါင်းတိုက်ချက် ဂိုးတိုင်ထိခဲ့ပြီးနောက် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဒန်းစ် ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီးဂိုးသမားက လျင်လျင်မြန်မြန် ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းပြီးဆုံးဖို့ ၂ မိနစ်အလိုမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြေးဝင်ခေါင်းတိုက်ပြီး နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အချိန်ပိုပြီးဆုံးတဲ့အထိ ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေကို လီဗာပူးလ်က ကြံ့ကြံခံ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်မသွားခဲ့ရဘဲ လီဗာပူးလ်တို့ ကာရာဘောင်းဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS