Premier League,  ဘောလုံးသတင်း

ချဲလ်ဆီးကို ရှယ်တီးပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ၅-၀ နဲ့ ချဲလ်ဆီးကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်အသာနဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းရှိကြောင်း သက်သေပြသခဲ့ပါတယ်။

လီအန်ဒရို ထရော့ဆာ့ဒ်က ပထမပိုင်းအစောပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကိုင် ဟာဗတ်ဇ်နဲ့ ဘန် ဝှိုက်တို့က ဒုတိယပိုင်းမှာ ၂ ဂိုးစီ သွင်းယူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ကြီးမားတဲ့နိုင်ပွဲဟာ အက်စတန် ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ၂ ပွဲဆက်တိုက်ရှုံးနိမ့်ပြီး ဝုဗ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ၃ ရက်အကြာမှာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လီဗာပူးလ်ထက် ၃ မှတ်အသာနဲ့ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ၂ ပွဲလျော့နေတဲ့ တတိယနေရာက မန်စီးတီးကို ၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆုဖလားပြိုင်ပွဲအတွက် အာရုံစိုက်မှုတွေက လက်ရှိမှာတော့ ယနေ့ည ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲကစားသွားရမယ့် လီဗာပူးလ်အလှည့်ရောက်ရှိလာပြီဖြစ်ပြီး မန်စီးတီးက ကြာသပတေးနေ့မှာ ဘရိုက်တန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအတွက်တော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လန်ဒန်ဒါဘီရှုံးပွဲဖြစ်ခဲ့ပြီဖြစ်ပြီး စနေနေ့က ဝင်ဘလေက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ပါ မှေးမှိန်သွားခဲ့ရပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂန်းနားတွေရဲ့ ကြောက်မက်ဖွယ်တိုက်စစ်စွမ်းဆောင်ရည်ကို မပြသမီ ထရော့ဆာ့ဒ်ရဲ့ အစောပိုင်း သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လည်း ပထမပိုင်းမှာ ပွဲက ခြေညီနေခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ၄ မိနစ်မှာ ဒီကလန် ရိုက်ရဲ့ ပေးပို့မှုကို ပါးပါးနပ်နပ်အဆုံးသတ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ထရော့ဆာ့ဒ်ရဲ့ လူထိလမ်းကြောင်းပြောင်းသွားတဲ့ကန်ချက်ကို ပက်ထရိုဗစ် ကာကွယ်နိုင်ခဲ့ပြီး အိမ်ရှင်တွေဟာ အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့တာကြောင့် ချဲလ်ဆီးတို့ ယုံကြည်ချက် ကြီးထွားလာခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းက ချေပဂိုးသွင်းယူနိုင်ဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ခ်ဆင် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ်ပိတ်ဆို့ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိမလို ဖြစ်ခဲ့ပေမယ့် တိုင်ထိသွားခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၇ မိနစ်မှာ ဘန် ဝှိုက်က နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ရိုက်ရဲ့ ကန်ချက်က ပါတေးနဲ့ ထိပြီး ပြန်လျှံထွက်လာတာကို အာဆင်နယ်နောက်ခံလူက ဘယ်ခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တတိယမြောက် ဦးဆောင်ဂိုးကိုတော့ ဂါဘရီယဲလ်ရဲ့ လျင်လျင်မြန်မြန် တန်ပြန်တိုက်စစ်ဆင်ဖို့ ပေးပို့ခဲ့တဲ့ ဘောလုံးကို မာတင် အော်ဒီဂွါဒ်က လှလှပပ ပေးပို့ခဲ့ရာမှာ ဟာဗတ်ဇ်က ကူကူရယ်လာ လိုက်ကပ်နေတဲ့ကြားက ပက်ထရိုဗစ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ အမ်းမရိတ်စ်ကွင်းတစ်ကွင်းလုံး အောင်ပွဲခံသံတွေ ညံနေခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးရဲ့ ဒုတိယပိုင်း လဲပြိုမှုက ဟာဗတ်ဇ်က ဆာကာရဲ့ ပေးပို့မှုကို ရယူပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားချိန်မှာ ပိုတောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆက်လက်ပြီး တိုက်စစ်ဆင်ခဲ့ပြီး ဘန် ဝှိုက်က အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို မြေမကျဘော ကန်သွင်းပြီး နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်ရဲ့ အောင်ပွဲခံဟန်က သူ့အနေနဲ့ ဂိုးသွင်းယူဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူးဆိုတာကို ပြသခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့အစွမ်းရှိကြောင်း အားလုံးသိအောင် ကြေညာမောင်းခတ်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS