Premier League,  ဘောလုံးသတင်း

ဆာလားရဲ့ အနာဂတ်အတွက် အဖြေကြောင့် စိတ်ပူပင်နေရပြီဖြစ်တဲ့ လီဗာပူးလ်ပရိသတ်များ

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ကြာသတေးနေ့ညက ဘောလုံးကလောင်ရှင်များရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူခဲ့ပြီးနောက် လီဗာပူးလ်နဲ့ပတ်သက်ပြီး အနာဂတ်အကြောင်း မေးမြန်းခဲ့ရာမှာ ဟာသဖောက်သွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ကီဗင် ဒီဘရိုင်းနား၊ ဒီကလန် ရိုက်စ်တို့လိုမျိုး ကစားသမားတွေကို ဖြတ်ကျော်ပြီး ကစားသမားဘဝတလျှောက် ဒုတိယအကြိမ်မြောက် ဘောလုံးကလောင်ရှင်များက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပြီး ယခုရာသီမှာ အသင်းအတွက် သွင်းဂိုး ၃၀ အထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

ဆာလားရဲ့ စာချုပ်ဆွေးနွေးမှုဟာ ဆက်လက်ပြုလုပ်နေတာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ဝင်ရောက်နေပြီဖြစ်တာကြောင့် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားမှာကို မာဆေးဆိုဒ်မှာ ရှိတဲ့သူတွေက အမှန်တကယ် စိတ်ပူနေကြတာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ဆာလားဟာ သတင်းထောက်တွေရဲ့ လာမယ့်ရာသီ ဒီနေရာမှာ ဆက်ရှိနေမှာလားလို့ မေးမြန်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ “ဒီစင်ပေါ်မှာလား ဒါမှမဟုတ် အင်္ဂလန်က ဒီနေရာမှာလား။ ကျွန်တော်ကတော့ စင်ပေါ်မှာ ရှိနိုင်ဖို့အတွက် အကောင်းဆုံးလုပ်သွားမှာပါ”လို့ ဟာသဖောက်ခဲ့ပါတယ်။

ကစားသမားနဲ့ အသင်းဟာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တာကြောင့် သတင်းတွေက ဆာလားဟာ လီဗာပူးလ်ရဲ့နောက်ဆုံး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် လီဗာပူးလ်ဂန္တဝင် ကာရေဂါကတော့ အီဂျစ်တိုက်စစ်မှူးအနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

“လီဗာပူးလ်က သူ့အတွက် အကောင်းဆုံးနေရာပဲ။ သူက လီဗာပူးလ်မှာ စူပါစတားတစ်ယောက်ဖြစ်လာပြီး ယာဂန် ကလော့ပ်က သူ့ဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ယူနိုင်ခဲ့တယ်။ သူ့အနေနဲ့ အသင်းကို စွန့်ခွာပြီး အပြောင်းအရွှေ့လုပ်တာက အဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး”

“သူ အခု ကစားနေတဲ့ ဘောလုံးကစားပုံ၊ ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးအတွက် သူ ကစားပေးနေတာ၊ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းတွေထဲကတစ်သင်းအတွက် သူကစားပေးနေတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူလုပ်ခဲ့တာတွေက သူ့ကို လီဗာပူးလ်ရှပ်ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။