Premier League,  ဘောလုံးသတင်း

အာတီတာရဲ့ စံချိန်မီလူစာရင်းကို ပြီးပြည်စုံစေမယ့် ပထမဆုံးခေါ်ယူမှုကို မတော်တဆကြေညာမိတဲ့ အာဆင်နယ်

ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ နောက်ထပ်တစ်လလောက်အထိ တရားဝင် ဖွင့်လှစ်ဦးမှာမဟုတ်သေးပေမယ့် အာဆင်နယ်နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ဟာ ၂၀၂၂-၂၀၂၃ ရာသီမတိုင်ခင် ပြီးပြည့်စုံတဲ့ ပထမအသင်းလူစာရင်းကို တည်ဆောက်ဖို့ ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

အမှန်တော့ ကစားသမားခေါ်ယူမှုတစ်ခုဟာ မတော်တဆ ကြေညာခဲ့မိတာဖြစ်ပြီး မကြာသေးမီက football.london က ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အမေရိကန်ဂိုးသမား မတ် တန်နာ ဇွန်လမှာ ဆေးစစ်ဖို့အတွက် လာရောက်တဲ့အချိန်မှာ အတည်ပြု ကြေညာဖို့ စောင့်မျှော်နေတယ်လို့ သိရပြီး အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပထမဆုံးခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ် ယူအက်စ်အေလက်ရွေးစင်ဂိုးသမားရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ၎င်းရဲ့ မင်္ဂလာဆောင် စတိုရီကနေတဆင့် သဘောတူညီမှုဟာ ရရှိထားခဲ့ပြီးဖြစ်ပြီး ကြေညာဖို့သာ ကျန်တော့တယ်ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက “ခင်ဗျားရဲ့ ထိမ်းမြားလက်ထပ်မင်္ဂလာနေ့အတွက် ဂုဏ်ပြုပါတယ်။ အကောင်းဆုံးဖြစ်ပါစေလို့ အာဆင်နယ်အသင်းမှာရှိနေတဲ့ အားလုံးက ဆုတောင်းပေးပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ တန်နာရဲ့ အပြောင်းအရွှေ့ကို အသင်းဝက်ဘ်ဆိုက်ကနေ တရားဝင် ကြေညာဖို့သာ ကျန်တော့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ အလုပ်များတဲ့ နွေရာသီဖြစ်လာမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်တဲ့အတွက် သြဂုတ်လ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မတိုင်ခင် ပရိသတ်တွေအနေနဲ့ ကစားသမားခေါ်ယူမှု ဘယ်လောက်အထိ ထပ်ရှိလာမယ်လို့ မျှော်လင့်နိုင်မလဲဆိုတဲ့ မေးခွန်းတွေက လူမှုကွန်ရက်တွေမှာ မြင့်တက်လာခဲ့ပါတယ်။

အာတီတာအနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့အတွက် အစီအစဉ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက ပြောကြားခဲ့တဲ့ စကားက အရိပ်အယောင်ပြတာဖြစ်နိုင်ပြီး “ကျွန်တော်လည်း မျှော်မှန်းထားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ထင်တာက ပြိုင်ပွဲ ၂ ခုစလုံး(ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်)က ကြီးမားတဲ့ လူစာရင်းလိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ကစားရမယ့် ပွဲပမာဏက ၂ ခုစလုံးမှာ အရမ်းများပါတယ်။ အဲဒီတော့ ကွဲပြားခြားနားမှု အများအပြား ဒါမှမဟုတ် အပြောင်းအလဲ အများကြီး လုပ်နိုင်မယ်လို့တော့ မထင်ပါဘူး။ တကယ်လို့ ခင်ဗျားသာ ငွေရေးကြေးရေးတတ်နိုင်ရင် ကျွန်တော်တို့ လူစာရင်းကို အလှည့်အပြောင်းလုပ်ဖို့မလိုပါဘူး။ ကျွန်တော် ဘာလိုချင်လဲလို့ ခင်ဗျား မေးရင်တော့ ဂိုးသမားမဟုတ်တဲ့ ကစားသမား ၂၂ ဦးနဲ့ ဂိုးသမား ၃ ဦးပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီတော့ ဂိုးသမားမဟုတ်တဲ့ ကစားသမား ၂၂ ဦးနဲ့ ဂိုးသမား ၃ ဦးဟာ အာတီတာအတွက် ပြီးပြည့်စုံတဲ့ အာဆင်နယ်လူစာရင်းဖြစ်မှာဖြစ်ပြီး တန်နာဟာ ဘန်းဒ် လီနိုရဲ့နေရာမှာ အစားထိုးဖို့ ဖြစ်ဖို့များပြီး ယူအက်စ်အေဂိုးသမားဟာ အာရွန် ရမ်းစ်ဒေးလ်နဲ့ အာသာ အိုကွန်းကို သို့မဟုတ် ကားလ် ဟိန်းတို့ထဲက တစ်ဦးနဲ့အတူ ဂိုးသမား ၃ ဦးထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကို သွားကြည့်လိုက်တဲ့အချိန်မှာ ဂိုးသမားမဟုတ်တဲ့ ပထမအသင်း ကစားသမား ၁၈ ဦးစာရင်းရှိနေတာကြောင့် အာတီတာရဲ့ စံချိန်မီ လူစာရင်းဖြစ်လာဖို့အတွက် နောက်ထပ် ကစားသမားသစ်ခေါ်ယူမှု ၄ ဦး ပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့် မိုဟာမက် အယ်လ်နန်နီ၊ လာကာဇက်နဲ့ နကီးတီးယားတို့ဟာ လာမယ့်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ၃ ယောက်စလုံး စာချုပ်သစ် မချုပ်ဘူးဆိုရင်တော့ အာဆင်နယ်အနေနဲ့ ဂိုးသမားမဟုတ်တဲ့ စီနီယာကစားသမား ၁၅ ဦးသာ ကျန်တော့မှာဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိအခင်းအကျင်းအရ အာတီတာရဲ့ စံချိန်မီ လူစာရင်းဖြစ်လာဖို့အတွက် အနည်းဆုံး ကစားသမား ၄ ဦးကနေ ၇ ဦးအထိ ခေါ်ယူဖို့ လိုအပ်နေတယ်ဆိုပေမယ့်လည်း နီကိုလာ ပေပေ၊ နူနို တာဗာရက်စ်နဲ့ ချာကာတို့့ဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ပထမအသင်းကစားသမားတွေထဲမှာ ပါဝင်နေတာကြောင့် ခေါ်ယူဖို့ လိုအပ်တဲ့ကစားသမားအရေအတွက်က ပိုလို့တောင် မြင့်တက်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အကယ်ဒမီ ကစားသမားတွေထဲက ချာလီ ပါတီနိုနဲ့ မီဂဲလ် အာဇဲဇ်တို့လို ကစားသမားတွေကို ပထမအသင်းကို ခေါ်ယူနိုင်သလို ဝီလီယံ ဆာလီဘာ၊ ရိစ် နယ်လ်ဆန်၊ ဘာလိုဂန်တို့လိုမျိုး အငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ပြန်လာမယ့် ကစားသမားတွေနဲ့ ပထမအသင်းကို ပြန်လည်ပေါင်းစည်းခွင့်ပေးလို့ရတာ မှန်ပါတယ်။

ကစားသမားသစ် ရောက်ရှိလာနိုင်ခြေနဲ့ပတ်သက်ပြီး football.london က အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ၂ ဦး၊ ကွင်းလယ်ဗဟိုနဲ့ နောက်ခံတောင်ပံနေရာတွေကို အင်အားဖြည့်တင်းချင်နေပြီး ဂါဘရီယယ်လ် ဂျေဆူး၊ တန်မီ အေဘရာဟမ်၊ ကိုဒီ ဂက်ခ်ပို၊ မူဆာ ဒီယာဘီ၊ ယူရီ တီရယ်လ်မန်းစ်၊ ဖေဘီယန် ရူးအစ်ဇ်၊ အော်ရယ်လီယန် ချူအာမေနီ၊ အာရွန် ဟစ်ကီတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာတီတာနဲ့ အီဒူးတို့အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ လိုချင်တဲ့ လူစာရင်း အရေအတွက်အတိုင်း အင်အားဖြည့်တင်းနိုင်မလား၊ ရှေ့မှာ ပြောခဲ့တဲ့ ကစားသမားတွေထဲက ဘယ်နှဦးအထိ အမ်းမရိတ်စ်တံခါးကို ဖွင့်ပြီး အမှန်တကယ် ဝင်လာနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။