Ligue,  ဘောလုံးသတင်း

အရောင်းပိုင်းမှာ အိုင်းယက်စ်တို့ထက် ဆရာကျတဲ့ မိုနာကိုရဲ့ ၁.၃ ဘီလီယံတန် ငွေရှာခဲ့မှုများ

ဒီနေ့ခေတ် ဈေးကွက်မှာ ကစားသမားတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူစုဆောင်းထားပြီးမှာ ပြန်လည်ရောင်းချတတ်တဲ့ ဒတ်ချ်ကလပ် အိုင်းယက်စ်တို့အနေနဲ့ ဆရာကျလှပြီဆိုပေမယ့် သူတို့ထက်တောင်မှ ပိုပြီး အရောင်းပိုင်းမှာ ထူးချွန်ထက်မြက်တဲ့ တစ်သင်းရှိနေပါသေးတယ်။ ဒါက ပြင်သစ် အခြေစိုက် မိုနာကိုပဲဖြစ်ပြီး သူတို့ရဲ့ ယူရို ၁.၃ ဘီလီယံအထိ ငွေရှာထားခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ထရေဇီဂေး၊ သီယာရီ အွန်နရီတို့ကစလို့ ၂၀၀၀-၀၁ ရာသီကနေ ကစားသမားစတင်ရောင်းချမှုဟာ ဟားမက်စ် ရိုဒရီးရက်ဇ်၊ ခီလီယန် အမ်ဘာပေတို့အလယ် အခုနောက်ဆုံး အူဟယ်လီယန် ချွာမင်နီတို့အထိ ရာသီတိုင်းမှာ အနိမ့်ဆုံး ယူရို ၃.၅ သန်းမြတ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ မိုနာကိုတို့ရဲ့ ထိပ်တန်းအရောင်း ၁၀ ခုကို ပမာဏ အနည်းအများအလိုက် တစ်ချက်ကြည့်ကြရအောင်ပါ။

၁၀။ တီမူး ဘာကာယိုကို (ချဲလ်ဆီးသို့)
ဘာကာယိုကိုကတော့ မိုနာကိုဆီကို ၂၀၁၄ ခုနှစ်မှာ ရင်းနေးကနေ ပေါင် ၇ သန်း(ယူရို ၈.၁ သန်း)တည်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းဆီ ယူရိုသန်း ၄၀(ပေါင် ၃၄ သန်း)နဲ့ ရောင်းချခဲ့တာပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အလုပ်မဖြစ်ခဲ့ပေမယ့် သူ့ကို ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ကတော့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ချီးကျူးထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စီးရီးအေ အငှားကစားသမားအဖြစ်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

၉။ ယူရီ တီးလီးမန်းစ် (လက်စတာသို့)
တီးလီးမန်းစ်ကိုတော့ ဘယ်လ်ဂျီယမ်ကလပ် အန်ဒါလက်ချ်ကနေ မိုနာကိုတို့ ယူရို ၂၅ သန်း(ပေါင် ၂၁.၅ သန်း)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းကို ရောက်လို့ တစ်ရာသီခွဲအကြာမှာ လက်စတာကို အငှားချခဲ့ပြီးမှ ရာသီကုန်မှာ အပြီးသတ် တန်ကြေး ယူရို ၄၅ သန်း (ပေါင် ၃၉ သန်း)နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပြီး လက်ရှိမှာတော့ ၂၅ နှစ်သားဟာ ဒီထက်မြင့်တဲ့ အဆင့်တွေဆီ တက်လှမ်းဦးမှာပါ။

၈။ ဖာဘင်ညို (လီဗာပူးလ်သို့)
ဖာဘင်ညိုလို ကစားသမားမျိုးက ဒီခေတ်မှာ တော်တော်လေးရှားပြီး ထိပ်တန်းအသင်းကြီးတွေမှာ သူ့လိုမျိုး အဆက်အပေါက်နဲ့ ပုံစံတူ ကစားနေတာဆိုလို့ မန်စီးတီးရဲ့ ရိုဒရီတစ်ယောက်ပဲ ရှိတာပါ။ ဒီလို ပေါက်ကွဲအားနဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ကွင်းလယ်အဖျက်ကစားသမားကို မိုနာကိုတို့က ယူရို ၆ သန်း (ပေါင် ၅.၂ သန်း)တည်းနဲ့ ခေါ်ယူပြီး လီဗာပူးလ်တို့ဆီကို ငါးရာသီအကြာမှာ ယူရို ၄၅ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အပယ်ခံ ဘရာဇီးလ်သားနဲ့ ပြင်သစ်ကလပ်တို့ နှစ်ဦးစလုံးအတွက် ဂုဏ်ယူစရာလို့လည်း ဆိုရမှာပါပဲ။

၇။ ဘာနာဒို ဆေးလ်ဗား (မန်စီးတီးသို့)
ဘင်ဖီကာလူငယ်ထွက်ကုန်ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးမှာ ကမ္ဘာကျော်ဖြစ်မလာခင်မှာ မိုနာကိုရဲ့ အထွန်းတောက်ဆုံးတစ်ဦး ဖြစ်လာခဲ့တာပါ။ တစ်နှစ်အငှားနဲ့ ခေါ်ယူစမ်းသပ်အပြီးမှာ မိုနာကိုတို့အနေနဲ့ သူ့အတွက် ယူရို ၁၅.၇၅ သန်း (ပေါင် ၁၃.၅ သန်း)နဲ့ အပြီးသတ် ရယူနိုင်ခဲ့ပြီး သုံးရာသီအလွန်မှာတော့ ထိပ်တန်းအဆင့် ခြေစွမ်းနဲ့ ပေါ်တူဂီကွင်းလယ်လူကို ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း)နဲ့ အစ်တီဟတ်ကို ပို့ဆောင်နိုင်ခဲ့သလို ကြီးမားတဲ့ အမြတ်အစွန်း ရရှိခဲ့တာဖြစ်ပါတယ်။

၆။ ဘင်ဂျမင် မန်ဒီ (မန်စီးတီးသို့)
ဘာနာဒို ဆေးလ်ဗားနဲ့အတူ မန်စီးတီးအသင်းဆီ ၂၀၁၇ တစ်နွေတည်းမှာ ရောက်ရှိခဲ့သူကတော့ ဘယ်နောက်ခံလူ မန်ဒီပဲဖြစ်ပါတယ်။ မိုနာကို လူငယ်အကယ်ဒမီကနေ ထွက်ရှိခဲ့တာဖြစ်လို့ သူ့အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၇.၅ သန်း (ပေါင်သန်း ၅၀)ဟာ တစ်ပြားမှ မရင်းခဲ့ရတဲ့ အသားတင် အမြတ်ငွေလည်းဖြစ်ခဲ့တာပါ။ ကွင်းပြင်မှာ ကိစ္စရှုပ်လို့ လက်ရှိ အမှုဖြစ်နေတဲ့ ပြင်သစ်သားကို မန်စီးတီးတို့ရဲ့ ခေါ်ယူမှုကတော့ မအောင်မြင်ဘဲ ဖြစ်ခဲ့ရပေမယ့် မိုနာကိုအတွက်တော့ သူတို့လက်ထဲမှာ ပိုက်ဘောမမိဘဲ အေးအေးဆေးဆေးပဲဖြစ်သွားခဲ့ပါတယ်။

၅။ အန်ထော်နီ မာစီယယ်လ် (မန်ယူနိုက်တက်သို့)
မာစီယယ်လ်ကတော့ လူငယ်တောင်ပံကစားသမားတစ်ယောက်အနေနဲ့ ခြေစွမ်းပြသနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လီယွန်အကယ်ဒမီထွက် လူငယ်ကို ၂၀၁၃ ခုနှစ်မှာ မိုနာကိုတို့အနေနဲ့ ယူရို ၅ သန်း (ပေါင် ၄.၂ သန်း)နဲ့ ဆွဲစားထားခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ပို့ဆောင်ခအဖြစ်တော့ ယူရိုသန်း ၆၀ (ပေါင် ၅၂ သန်း) ရယူခဲ့တာပါ။ မိုနာကိုတို့ နှစ်နှစ်တည်းနဲ့ ယူရို ၅၅ သန်း အမြတ်ထွက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က မာစီယယ်လ်ကတော့ ဈေးအကြီးဆုံး ဆယ်ကျော်သက်လည်းဖြစ်ခဲ့ပါတယ်။

၄။ သောမတ်စ် လီမာ (အက်သလက်တီကိုသို့)
အက်သလက်တီကို မက်ဒရစ်မှာ လက်ရှိကစားနေတဲ့ ပြင်သစ်ကွင်းလယ်လူကိုတော့ မိုနာကိုတို့က AS ကွန်းအသင်းကနေ ယူရို ၄ သန်း (ပေါင် ၃.၄ သန်း)နဲ့ ရရှိထားခဲ့တာဖြစ်ပြီး အသင်းမှာ ထွန်းတောက်လာတဲ့ လူငယ်ခြေတက်အုပ်စုကို ဈေးဗန်းခင်းချိန်မှာ ယူရို ၇၂ သန်း (ပေါင် ၆၂ သန်း)အထိ တန်ဖိုးမြှင့်ပြီး ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုထွက် တစ်ဝက်ကျော်လောက်ရဲ့ အသင်းသစ်တွေမှာ ခြေစွမ်းကျဆင်းသွားတတ်တဲ့ အစဉ်အလာထဲကို ပါဝင်သွားခဲ့တဲ့ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ လီမာကတော့ လက်ရှိမှာ လိုချင်သူရှားတဲ့ ကစားသမားဖြစ်သွားခဲ့ပါပြီ။

၃။ ဟားမက်စ် ရိုဒရီးရက်ဇ် (ရီးရဲလ်မက်ဒရစ်သို့)
ကိုလံဘီယာသားအတွက်တော့ မိုနာကိုတို့ ထင်သလောက် အမြတ်မရခဲ့ပေမယ့် ယူရိုသန်း ၃၀ (ပေါင် ၂၅.၅ သန်း)ဆိုတာကလည်း မနည်းမနော ပမာဏဖြစ်ခဲ့တာပါ။ သူတို့လိုပဲ အရောင်းပိုင်းမှာ ပါးနပ်တဲ့ ပေါ်တိုတို့ဆီက စာချုပ်လျော်ကြေး ယူရို ၄၅ သန်း (ပေါင် ၃၈.၅ သန်း)ပေးခဲ့ရတဲ့ ဟားမက်စ်ကို ရီးရဲလ်တို့ဆီကိုတော့ ယူရိုသန်း ၈၀ (ပေါင် ၆၈.၅ သန်း)ခေါ်ပြီးမှ ယူရို ၇၅ သန်း (ပေါင် ၆၄.၅)သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ထွန်းတောက်ခဲ့တဲ့ ရွှေဖိနပ်ဆုရှင်အနေနဲ့ လက်ရှိမှာ ကာတာကို ရောက်နေပေမယ့် သူ့ခြေစွမ်းကျဆင်းမှုကတော့ မိုနာကိုက ထွက်တာနဲ့ မဆိုင်ဘဲ ရီးရဲလ်ရဲ့ ချောင်ထိုးခံရခြင်းနဲ့ပဲ သက်ဆိုင်ခဲ့တာပါ။

၂။ အူဟယ်လီယန် ချွာမင်နီ (ရီးရဲလ်မက်ဒရစ်သို့)
မိုနာကိုတို့ရဲ့ နောက်ဆုံးရောင်းချမှုဖြစ်တဲ့ ချွာမင်နီအတွက်တော့ ယူရိုသန်း ၁၀၀ (ပေါင် ၈၆.၂ သန်း)အထိ ရရှိခဲ့ပါတယ်။ လိဂန်ပြိုင်ဘက် ဘော်ဒိုး အသင်းကနေ ယူရို ၁၈ သန်း (ပေါင် ၁၅.၅ သန်း)နဲ့ ၂၀၂၀ ဆောင်းရာသီမှာ ခေါ်ယူခဲ့တဲ့ ကင်းမရွန်းနွယ်ဖွား ပြင်သစ်လက်ရွေးစင်လေးအတွက် မိုနာကိုတို့ ယူရို ၈၂ သန်း (ပေါင် ၇၀.၅ သန်း)အထိ အထိ အမြတ်ထွက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဝယ်ရောင်းကွက်တွေကတော့ မြန်မာနိုင်ငံက ပွဲစားတွေထက်တောင် ပါးနပ်လွန်းနေခဲ့တာလို့လည်း ဆိုရတော့မှာပါ။

၁။ ခီလီယန် အမ်ဘာပေ (ပီအက်စ်ဂျီသို့)
ပီအက်စ်ဂျီရဲ့ ကမ္ဘာ့စံချိန်တင် ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘရာဇီးလ်သား နေမာနဲ့ တစ်ရာသီတည်းမှာ အငှားနဲ့ ပထမ ရောက်ရှိခဲ့တဲ့ အမ်ဘာပေကတော့ FFP ကို ရှောင်လွှဲနိုင်ဖို့ နောက်တစ်ရာသီမှာမှ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပြီး မိုနာကိုတို့အနေနဲ့ အကယ်ဒမီထွက် ကစားသမားအတွက် ယူရိုသန်း ၁၈၀ (ပေါင် ၁၅၅ သန်း)အထိ အသားတင် အမြတ်အစွန်း ရရှိခဲ့တာပါ။ လက်ရှိမှာတော့ ပြင်သစ်ဘောလုံးလောကရဲ့ အမှတ်အသားဖြစ်နေတဲ့ အမ်ဘာပေအတွက် သူတို့တွေရဲ့ ပြုစုပျိုးထောင်မှုကို ကြီးကြီးမားမား ဂုဏ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။