Laliga,  ဘောလုံးသတင်း

ရာသီမစခင် ပထမအသင်းကစားသမား ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ဘာမှမကူညီပေးနိုင်ခဲ့တဲ့ ကစားသမား ၄ ဦးကို အသင်းသစ်ရှာဖို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်တွေဟာ အသင်းရဲ့ စီးပွားရေးအခြေအနေကို ကောင်းကောင်း သတိပြုမိနေကြပြီး နည်းပြ ဇာဗီအနေနဲ့ အသင်းမှာရှိနေတဲ့ လူပိုတွေကို စာချုပ်သက်တမ်းမကုန်ဆုံးမီ ရောင်းထုတ်ပြီး ငွေကြေးရှာဖွေဖို့အတွက် ကစားသမားအချို့ကို ထွက်ခွာခွင့်ပေးခဲ့တာက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာပထမအသင်းကစားသမား ၄ ဦးနဲ့ စကားပြောခဲ့ပြီး ၎င်းတို့ဟာ အသင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိတဲ့ လူပိုတွေဖြစ်ကြောင်း အားမနာတမ်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီကစားသမား ၄ ဦးဟာ လာမယ့်ရာသီမစတင်ခင် အသင်းသစ် ရှာဖွေနေကြပြီဖြစ်ပြီး တကယ်လို့ အသင်းသစ်ရှာမတွေ့ခဲ့ရင် ဘာစီလိုနာရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။ ဇာဗီရဲ့ အသင်းသစ်ရှာဖို့ ပြောကြားခြင်းခံခဲ့ရတဲ့ ကစားသမား ၄ ဦးဟာ အမ်တီတီ၊ မာတင် ဘရိတ်သ်ဝိတ်၊ အကယ်ဒမီထွက်ကစားသမားတွေဖြစ်နေတဲ့ အော်စကာ မင်ဂယ်ဇာနဲ့ ရီကီ ပုတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကစားသမားတွေအားလုံးဟာ မတူညီတဲ့ အသင်းတွေကို ပြောင်းရွှေ့ကြတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် အဓိကရည်ရွယ်ချက်ဟာ ၂၀၂၂-၂၀၂၃ ရာသီမစခင် ကစားသမား ၄ ဦးစလုံးကို ရောင်းထုတ်ဖို့ ဖြစ်ပါတယ်။ အမ်တီတီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် အကောင်းဆုံးပုံစံမပြသနိုင်ခဲ့တဲ့နောက် ပြင်သစ်ကို ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပုံ ပေါ်ပါတယ်။

ရင်းနေး၊ လီယွန်နဲ့ လာလီဂါတန်းတက်အသင်းဖြစ်တဲ့ ဂီရိုနာအသင်းတို့က ပြင်သစ်နောက်ခံကစားသမား ပြောင်းရွှေ့နိုင်တဲ့အသင်းတွေအဖြစ် ပေါ်ထွက်လာခဲ့ပြီး အမ်တီတီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖာရန် တောရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် လစာကို ကြီးကြီးမားမား လျှော့ချပြီး စာချုပ်သက်တမ်းတိုးခဲ့ရတာဖြစ်ပါတယ်။ အမ်တီတီအနေနဲ့ ကလေးဘဝကတည်းက ကစားခဲ့တဲ့ လီယွန်ကို ပြန်လည်ပြောင်းရွှေ့ချင်ပေမယ့်လည်း လက်ရှိအချိန်မှာ ရင်းနေးရဲ့ ကမ်းလှမ်းမှုက ပိုမိုကောင်းမွန်နေပုံပေါ်နေတာဖြစ်ပါတယ်။

ဘရိတ်သ်ဝိတ်ရဲ့ အနာဂတ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ အန်ဆူ ဖာတီဒဏ်ရာရရှိပြီးနောက် ပါဝင်ကစားခွင့်ရတဲ့အချိန်မှာ ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့တဲ့နောက် နူးကမ့်မှာ မရှိတော့တာဖြစ်ပြီး ဒိန်းမတ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဘရိတ်သ်ဝိတ်ဟာ ဘာစီလိုနာအသင်းအတွက် ၅၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နူးကမ့်မှာ ဆက်နေချင်ပေမယ့်လည်း ဇာဗီက ၎င်းရဲ့အနာဂတ်ဟာ ဘာစီလိုနာမှာမရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မင်ဂယ်ဇာနဲ့ ရီကီ ပုတို့ကလည်း ပြီးခဲ့တဲ့ရာသီမှာ ၁၄ပွဲ၊ ၁၂ ပွဲစီသာ ကစားခွင့် ရရှိခဲ့ပြီး အသင်းရဲ့ ရာသီကြိုခရီးစဉ်မတိုင်ခင် ဇာဗီရဲ့ ပြတ်သားတဲ့ ရာဇသံကို ကြားခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမား ၂ ဦးစလုံးဟာ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းက လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား ရောင်းထုတ်ပြီး ငွေကြေးအနည်းငယ် ရှာဖွေသွားချင်နေတာဖြစ်ပါတယ်။