Serie A,  ဘောလုံးသတင်း

UEFA ဘောလုံးဘုတ်အဖွဲ့မှ မော်ရင်ဟို နုတ်ထွက်

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ယူရိုပါလိဂ်ဗိုလ်လုပွဲမှ ဖြစ်ရပ်များကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘောလုံးဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဘုတ်အဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန်အတွက် မော်ရင်ဟိုက စာရေးသားတောင်း ဆိုခဲ့ကြောင်း UEFA က ESPN သို့ အတည်ပြုပေးခဲ့သည်။ မော်ရင်ဟိုသည် ဆီဗီလာအသင်းအား ရှုံးနိမ့်သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ ဒိုင်လူကြီးအား အကြိမ်ကြိမ်စောဒကတက်ခဲ့သဖြင့် ပွဲအပြီးတွင် အဝါကတ်ပြသတိပေးခံခဲ့ရသည်။

မော်ရင်ဟိုသည် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ဒိုင်လူကြီး အန်သိုနီတေလာကို ဝေဖန်ပြစ်တင်ခဲ့သလို၊ ကားပါကင်၌ ထပ်မံတွေ့ဆုံစဉ် ကြမ်းတမ်းသည့် စကားလုံးများဖြင့် ဆဲဆိုခဲ့သဖြင့် UEFA က ၎င်းအား ဥရောပပွဲစဉ် (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် နှစ်ရက်အကြာမှာပင် မော်ရင်ဟိုက UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ထံ နုတ်ထွက်စာပေးပို့ခဲ့သည်။  UEFA သည် ဘောလုံးလောက၏ ထိပ်တန်းနည်းပြများနှင့် ဂန္ထဝင်ဘောလုံးသမား(၂၄) ဦးပါဝင်သည့် ဘောလုံးဘုတ်အဖွဲ့ကို ဧပြီလအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။