Ligue,  ဘောလုံးသတင်း

အမ်ဘာပေကယ်တင်တာတောင် မရတော့ဘဲ နိစ်ကို အိမ်ကွင်းမှာ ရှုံးတဲ့ ပီအက်စ်ဂျီ

နိစ်တိုက်စစ်မှူး တီရမ် မိုဖီဟာ သောကြာနေ့ညနေက ပီအက်စ်ဂျီကို ၃-၂ နဲ့ အနိုင်ရရှိအောင် သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ပြီး လီဂူးဝမ်းချန်ပီယံတွေဟာ ယခုရာသီ ပထမဆုံးသော အိမ်ကွင်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။

နိစ်တိုက်စစ်မှူး မိုဖီက ၂၁ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့်လည်း အမ်ဘာပေက ပီအက်စ်ဂျီအတွက် ၂၉ မိနစ်မှာ ပြန်လည်ချေပသွားခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဧည့်သည်အသင်းက ပိုအားကောင်းခဲ့ပြီး ဂေတန် လာဘော်ဒီက နိစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ၆၈ မိနစ်မှာ မိုဖီကပဲ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒုတိယပိုင်းပွဲကစားချိန်ပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ မြေမကျကန်ချက်နဲ့ ချေပဂိုးကို သွင်းယူခဲ့ပေမယ့်လည်း နောက်ထပ်ချေပဂိုး ထပ်မံမရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ရမှတ် ၈ မှတ်နဲ့ အဆင့် ၃ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

နိစ်အသင်းကတော့ ပီအက်စ်ဂျီထက် ၁ မှတ်အသာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ၂၀၂၃-၂၀၂၄ ရာသီမှာ ရှုံးပွဲမရှိသေးဘဲ မိုနာကိုက ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။