Premier League,  ဘောလုံးသတင်း

မန်စီးတီးအရန်အသင်းတောင် မနိုင်မယ့်ခြေစွမ်းနဲ့ ကိုဗင်ထရီကို အသေအလဲကန်ပြီး ဗိုလ်လုပွဲတက်တဲ့ မန်ယူနိုက်တက်

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ကိုဗင်ထရီ စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တန်ဟက်ရဲ့အသင်းက အရှက်ရစရာ ခြေစွမ်းနဲ့ ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်အထိ ကစားခဲ့ပြီးမှ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းစတာနဲ့ မန်ချက်စတာယူနိုက်တက်ကပဲ တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၂၄ မိနစ်မှာ ဒါလော့တ်ရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို မက်တော်မီနေးက ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး အချိန်ပို ၄၅+၁ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာရီ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ၅၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးက အတွင်းကို ချိုးဝင်ခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ပျက်သွားခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ဖာနန်ဒက်စ်ရဲ့လမ်းကြောင်းထဲ ရောက်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ သောမတ်စ်နဲ့ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဦးဆောင်ဂိုး ၃ ဂိုးအထိ ရရှိခဲ့ပြီဖြစ်တာကြောင့် ကစားအားချလိုက်ချိန်မှာ ကိုဗင်ထရီက လူစားလဲလှယ်မှုတွေပြုလုပ်ပြီး တရစပ်ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပါတယ်။

၇၁ မိနစ်မှာ အယ်လစ် ဆင်းမ်စ်က ဖေဘီယို တာဗာရက်စ်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မြေမကျဘောကန်သွင်းပြီး ကိုဗင်ထရီအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၈ မိနစ်အကြာမှာပဲ အယ်လစ် ဆင်းမ်စ်ပေးပို့ခဲ့တဲ့ ဘောလုံးကို ကယ်လမ် အိုဟဲက အတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့ရာမှာ ဘစ်ဆာကာနဲ့ ထိပြီး လည်ကာလည်ကာနဲ့ ဂိုးပိုက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ ဘင့်ခ်စ် ချိုးပေးလိုက်တဲ့ ဘောလုံးက ဘစ်ဆာကာရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ ဟာဂျီ ရိုက်က ကိုဗင်ထရီတို့ အချိန်ပိုထိ ဆက်သွားနိုင်စေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အချိန်ပိုပထမပိုင်းမှာ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်း ဆက်ကစားခဲ့ကြရာမှာ နောက်ဆုံးမိနစ် ၁၂၀+၁ မိနစ်မှာ ဟာဂျီ ရိုက်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဗစ်တာ တော့ပ်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ကိုဗင်ထရီတို့ အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကယ်လမ် အိုဟဲနဲ့ ဘန် ရှိဖ်တို့ လွဲချော်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်က ၄-၂ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS